Monday, February 16, 2009

ကဗျာဆရာရဲ့ သေတမ်းစာ

ငါ့မသာ
ဖျာနဲ့ အုပ်
တုတ်လျိုထမ်း
ကမ်းမှာမျှော
ငါးပေါရာ…။

ငါ့အလောင်း
ခေါင်းမဖွဲ့ 
ဖဲ့ရွဲ့ မြှုပ်
ပုပ်ဆွေးကာ
မြေသြဇာ…။

ဈာပန
ပြာချ
မလာကြနဲ့ 
ငါက ဘာကောင်ဟုတ်တော့တုန်း…။ ။

-နေမင်းနီ-
(၂၇၊ ၅၊ ၂၀၀၆)
ရေးဖော် ခက်ကျော် ကွယ်လွန်ခြင်း အမှတ်တရ

Saturday, February 14, 2009

ထွက်ပေါက်ရှာသူများသို့

နံရံကို ဖြိုမယ့်အစား
တံခါးပေါက်ဆီ သွားပါ့လား...တဲ့
သစ္စာဖောက်ရဲ့စကား
တောက်ခေါက်ပြီးတော့ ပြန်ကြားလိုက်မယ်
တံခါးပေါက်ရဲ့နောက်
ချောက်...လို့...။ ။

-နေမင်းနီ-
တပွင့်တရွက်
အသစ်ထွက်သော်
မြေထက်မှာပင် လူမြင်၏....။

ခိုင်မာဖျစ်ညှစ်
မြေကိုချစ်သည့်
အမြစ်ကြမ္မာ ဆိုးလှဘိ....။ ။

-နေမင်းနီ-

လျှာနဲ့သွား (၁)

ယောက်ျားတယောက်ဟာ
ပေါက်ပြားပေါက်ရုံပဲ အသုံးကျသတဲ့
အတုံးအအ အဖြုန်းအနတွေလို့
အမုန်းဇတွေနဲ့ ရန်စ
တန်ပါ့ မဖုရား....။

မယားနဲ့နွား
မသနားရဘူးတဲ့
အားဗလမှူးများရဲ့
စကားက အစူးသား
ဟေ့ မကြားကြဘူးလား....။ ။

-နေမင်းနီ-

မှန်

ဖောက်လှန်ကြည့်လို့မရလည်း
နောက်ပြန်ကြည့်ဖို့ပ....။ ။

-နေမင်းနီ-

အရုဏ် (၂)

ညလွန်ဖန်ပြာ
ကောင်းကင်မှာလျှင်
ထံတျာငှက်ကြိုး နှိုးပြီကို...။

ကောင်းကင်နှမ
ဆံမြိတ်ချလို့
လမင်းစံပယ်
တပွင့်ငယ်လျှင်
ဆံနွယ်အစွန်း ယွန်းပြီကို...။ ။

-နေမင်းနီ-

အရုဏ် (၁)

ကောင်းကင်မဲမဲ
ထိုးခွဲ
ဆုတ်ဖြဲ
နီနီရဲရဲ...။

အလင်းရည်ပက်
ကျေးငှက်
သင်းခက်
ဥဒေတယံကျက်....။ ။

-နေမင်းနီ-